Sunday, November 10, 2013
*** လာ…တူတူဆွဲကြမယ်..ဟေ့…ခေါက်ဆွဲ ***
လာ…တူတူဆွဲကြမယ်..ဟေ့…ခေါက်ဆွဲ
ခေါက်ဆွဲဆိုတာဘာလဲ? အလွယ်ဖြေရရင်တော့ ခေါက်ဆွဲဆိုတာ ဂျုံမှုန့် ကို ရေဆူဆူမှာပြုတ်ထားတဲ့ ဂျုံဖတ်ပါဘဲ။ အဲဒီဂျုံဖတ်ကို လိမ်၍သော်လည်းကောင်း၊ နှစ်ခုပူး၍သော်လည်းကောင်း၊ မွှေ၍သော်လည်းကောင်း၊ ဘရပ်ရှ်နှင့် တိုက်၍သော်လည်းကောင်း၊ လက်ဖြင့်ပွတ်၍သော်လည်းကောင်း၊ ဖိ၍သော်လည်းကောင်း၊ လှည့်၍သော် လည်းကောင်း၊ ညှစ်ချ၍သော်လည်းကောင်း၊ ဆွဲ၍ သော်လည်းကောင်း စသည်ဖြင့် စားဖွယ်စုံအတွက် ခေါက်ဆွဲ ဖတ်ကို ပုံသဏ္ဌာန်အမျိုးမျိုး ပြုလုပ်ကြခြင်းဖြစ်ပါတယ်။ ယေဘုယျ အားဖြင့် ခေါက်ဆွဲကို အကြော်၊ အသုပ်၊ ခေါက်ဆွဲပူ/ခေါက်ဆွဲအေးစွပ်ပြုတ် ဟူပြီး စားလေ့ရှိကြပါတယ်။
ခေါက်ဆွဲရာဇ၀င် အစကဘယ်ကလဲ? ဆိုတာနဲ့ ပတ်သက်ပြီး၊ အငြင်းပွားမှုကလေးတွေရှိခဲ့ကြပါတယ်။ အချို့ က ခေါက်ဆွဲ အစ မြေထဲပင်လယ်တိုင်းပြည်ကလို့ ဆိုကြသလို၊ အချို့ ကလဲ ခေါက်ဆွဲအစ အရှေ့ အ လယ်ပိုင်းဒေသ “အာရပ်” က လို့ ဆိုကြပြန်ပါ တယ်။  အငြင်းပွားမှုတွေအတွက်၊ နိုင်ငံကတာ ရှေးဟောင်းယဉ်ကျေး မှုလေ့လာရေးသုတေသီများက သမိုင်းရာဇ၀င်များကို အကျိတ်အနယ် ပြန်လည်တူးဆွကြတာပေါ့။ နောက်ဆုံး မှာတော့ ဘေဂျင်း ရှိ The Chinese Academy of Sciences မှ ရှေးဟောင်းယဉ်ကျေးမှုသုတေသန အဖွဲ့ ခေါင်းဆောင်  Houyuan Lu ဆိုသူက Han မင်းဆက်မှစ၍ Qing မင်းဆက်အထိ ခေါက်ဆွဲပြုလုပ် စားသုံးခဲ့ပုံ အဆင့်ဆင့်ကို တရုပ်ပြည်သမိုင်းကြောင်း အထောက်အထားများ နဲ့  အခိုင်အမာ အတည်ပြု လိုက်မှသာ၊ အငြင်းပွားမှုများ တခန်းရပ်သွားခဲ့ပါ တယ်။ ယနေ့ ကမ္ဘာမှာတော့ ခေါက်ဆွဲ ဆိုတာ တူချောင်းလေး ၂ ချောင်းဖြင့် ထိုးဆွစားရသော တရုပ်အစားအစာ တစ်ခုဖြစ်ကြောင်းကို စိုးစဉ်းမျှယုံမှားသံသယဖြစ်ဖွယ် မရှိတော့ပါဘူး။
ခေါက်ဆွဲအစ..ဘယ်ဒေသက.. လို့ မည်သို့ ပင်အငြင်းပွားခဲ့စေကာမူ၊ ခေါက်ဆွဲစားသုံးသော ယဉ်ကျေးမှု ထွန်းကားလာသည့် အလျောက်၊ ပစ္စုပ္ပန်ကာလမှာတော့ အာရှ/ဥရောပတိုက်အားလုံးတွင်  ခေါက်ဆွဲ က အဓိကအစားအစာအဖြစ် နေရာယူလျှက် ရှိနေပါပြီ။ နေရာဒေသယဉ်ကျေးမှုပေါ်လိုက်၍ ဂျုံ/လူး/ဆပ်/ဆန်/ပြောင်း/ကြက်ဥ တို့ ကို အခြေခံကာ ခေါက်ဆွဲ အဖြစ် ဖန်တီး/ ပြင်ဆင်/ ခေါ်ဝေါ်ပုံချင်း မတူညီကြခြင်းသာ ဖြစ်ပါတယ်။
+++++++++++++++++++++++++++++++++++
တရုပ်ခေါက်ဆွဲ။
ရှေးလွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော်ကတည်းကစပြီး၊ မြစ်ဝါမြစ်တည်ရှိရာ၊တရုပ်ပြည်မြောက်ပိုင်းဒေသတွင် လူးစပါးပင် မှ ခေါက်ဆွဲလုပ်ခဲ့ကြလေ၏။ ခေတ်ကာလရွေ့ လျားလာပြီးနောက် AD ၁၀၀ ခန့် မှစ၍ ဂျုံဖြင့် ပြောင်းလဲလုပ်ခဲ့ကြသော်လဲ၊ ယနေ့  ချိန် ထိ တရုပ်ပြည်မြောက်ပိုင်းတွင် ခေါက်ဆွဲလုပ်ရန် ကုန်ကြမ်းအဖြစ် လူးစပါးများကို တွင်တွင်ကျယ်စိုက်ပျိုးလျှက် ရှိနေကြတုန်း ပါ။ တရုပ်ပြည်တွင် ခေါက်ဆွဲဆိုင်များကို ဖွင့်လှစ်လာကြတာ Sung မင်းဆက်မှစ၍ ယနေ့ ထက်တိုင်အောင်ပါဘဲ။ တရုပ်ရိုးရာ အရ ခေါက်ဆွဲ သည် “အသက်ရှည်သည်” သက်ဝင်ယုံကြည်ကြတဲ့အတွက် မွေးနေ့ ပွဲနှင့် နှစ်ကူးပွဲများတွင် မဖြစ်မနေစားကြပါ တယ်။ တရုပ်ပြည်ရဲ့  birthday cake ဟာ  birthday noodles ပါဘဲတဲ့။
(၁)La Mian ခေါက်ဆွဲ။ တရုပ်လို La = ဆွဲဆန့်  Mian = ခေါက်ဆွဲ ဟု အဓိပ္ပါယ်ရသော La Mian ခေါက်ဆွဲ ကတော့ ရှေးရိုးရာ လက်ဖြင့်လုပ်တဲ့ခေါက်ဆွဲဖြစ်ပါတယ်။ သူတို့ ဆီမှာတော့ “လက်ဆွဲခေါက်ဆွဲ” လို့ ခေါ်ဝေါ်ကြပါတယ်တဲ့။ ဂျုံမှုန့် နှစ်အရည် ပျစ်ပျစ်စပ်ထားပြီး၊ လက်ဖြင့် လိမ်ပြီးတော့ ဆွဲဆန့် ကာ၊ အမျှင်သေးသေးရှည်ရှည်ပြုလုပ်ထားတဲ့ လက်လုပ်ခေါက်ဆွဲလေးပါ။ ဒီ အဖြူရောင် ခေါက်ဆွဲကို ခေါက်ဆွဲပြုတ် ၊ ခေါက်ဆွဲကြော်အဖြစ်အသုံးပြုလေ့ရှိပါတယ်။ တရုပ်ပြည်မှာသာမက၊ အမေရိကန်မှာလဲ လူကြိုက်များတဲ့ ခေါက်ဆွဲအမျိုးအစားဖြစ်ပါတယ်။
(၂)Mee Pok ခေါက်ဆွဲ။ ဂျုံ နဲ့ လုပ်ထားတဲ့ ၀ါဖျော့ဖျောရောင့် ခပ်ြပားပြား ခေါက်ဆွဲလေးပါ။ ဒီခေါက်ဆွဲကိုတော့ အသားပြုတ်ရည် ဖြင့် ခေါက်ဆွဲပြုတ်လေ့ရှိကြပြီး မှို၊ နှင့်အသားတို့ ကို နုပ်နုပ်စင်းစင်းကာ အပေါ်မှဖြူးကာ၊ အချဉ်ရည်တို့ ၍ စားသုံးကြပါတယ်။ ငါးဆုပ်လုံး ခေါက်ဆွဲပြုတ်အဖြစ်လဲ စားကြပါတယ်။ စင်္ကာပူ၊ ထိုင်း နှင့် မလေးရှားတို့ တွင်တော့ “bak chor mee” လို့  ခေါ်ကြ ပါတယ်။
(၃)He Fen ခေါက်ဆွဲ။ ဆန်ဖြင့်လုပ်ထားတဲ့အဖြူရောင် ခေါက်ဆွဲပြားဖြစ်ပါတယ်။ အမဲသားဖြင့် ကြော်စားလေ့ရှိကြပြီး၊ “chao fen” ခေါက်ဆွဲကြော်လို့ ခေါ်ကြပါတယ်။
(၄)Cellophane ခေါက်ဆွဲ။ ခေါက်ဆွဲရဲ့ ပုံသဏ္ဍာန်က ကြာဇံလို ပိန်သေးသေးလေးဖြစ်ပြီး၊ အလင်းရောင်ဖောက်မြင်ရပါတယ်။ ရှေးယခင်ကတော့ ပဲတီးစိမ်းအနှစ်မှ ပြုလုပ်လေ့ရှိပြီး၊ ယခုနောက်ပိုင်းမှာတော့ မျောက်ဥ၊ အာလူး၊ ပလောပီနံ စတဲ့ကော်မှုန့် တို့  မှ ပြုလုပ်လာကြပါတယ်။ ဒီခေါက်ဆွဲကို ဟော့ပေါ့၊ ခေါက်ဆွဲစွပ်ပြုတ်၊ ခေါက်ဆွဲကြော် စသည်ဖြင့် အမျိုးမျိုး  လုပ်စားနိုင်ပါတယ်။ တရုပ်ပြည်သာမက၊ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ် စတဲ့ အရှေ့ တောင်အာရှနိုင်ငံများမှာ တွင်ကျယ်စွာ စားနေကြတဲ့ ခေါက်ဆွဲပါ။
(၅)ခေါက်ဆွဲအေး (ခေါ်) Cold noodle  ခေါက်ဆွဲအေးစားသုံးမှု ကို တရုပ်ပြည်မှာ အုပ်စိုးခဲ့တဲ့ တစ်ဦးတည်းသော နန်းဆက် ဘုရင်မ   Wu Zetian က စတင်ဖန်တီးခဲ့တာလို့ ဆိုပါတယ်။ သူမရဲ့ အသက် ၁၄ နှစ်မြောက်မွေးနေ့ မှာ၊ ကြင်ယာတော် ဖြစ်သူ နှင့်အတူ ထူးထူးခြားခြား စားရန်အတွက် သူမ ကိုယ်တိုင် စားဖိုမှူး  ကို ခေါက်ဆွဲအေး စီမံခိုင်းတာပါတဲ့။ ဒီခေါက်ဆွဲအေးကိုတော့ La Mian ခေါက်ဆွဲ နဲ့ ချက်ရတာပါ။ အနံ့ အရသာအတွက် နှမ်းဆီ နှင့် ပဲငန်ပြာရည် ကို အသုံးပြုထားပြီး၊ ကြက်သားဖြင့်သာ လုပ်လေ့  ရှိကြပါတယ်။ ခေါက်ဆွဲအေးကို သွားရည်စာအဖြစ်သာ စားလေ့ရှိပြီး၊ တရုပ်ပြည်မှာတော့ Ji Si Liang Mian လို့  ခေါ်ကာ၊ အခြားနိုင်ငံတွေမှာတော့ “sesame noodles with chicken” လို့ ခေါ်ကြပါတယ်။
(၆)Dan Dan ခေါက်ဆွဲ။ တရုပ်ပြည် စီချွမ်း ပြည်နယ်မှာ ၁၈၄၁ လောက် က စတင်ခေတ်စားလာတဲ့ ခေါက်ဆွဲပါ။ ထိုကာလ တွင်တရုပ်ပြည်မှာ စားဝတ်နေရေးအတွက်တော်တော်လေး လုံးပန်းကြရတဲ့အတွက် ခေါက်ဆွဲကို လူသွားလမ်းဘေးရှိ ၀ါးပေါ် မှာခင်းရောင်းကြရခြင်းဖြစ်ပါတယ်။ ၀ါးကို အစွဲပြုပြီး တရုပ်လို Dan Dan လို့  အမည်တွင်ခဲ့တာပါ။ ရေဆူဆူထဲမှာ ခေါက်ဆွဲအစို နှင့် အတူ ငရုပ်ဆီ၊ ပဲငပိ တို့ ကိုပါတခါတည်းထဲ့ပြုတ်လေ့ရှိပြီး၊ တရုပ်ငရုပ်ကောင်း နှင့် ဟင်းသီးဟင်းရွက်ခတ်ထားတဲ့ ပူပူစပ်စပ် အရသာ သက်သက်လွတ်ခေါက်ဆွဲပြုတ်လေးပါ။ အဲဒီအချိန်တုန်းကတော့ လမ်းဘေးအစားအစာမို့ လူကုံတန်တွေ စားလေ့မရှိကြ ပါဘူးတဲ့။ ယခုအခါမှာတော့ တရုပ်ပြည်ရှိ လူကုံတန် အသိုင်းအ၀ိုင်းများသာမက၊ တစ်ကမ္ဘာလုံးရှိ တရုပ် စားသောက်ဆိုင်ကြီးတွေ မှာပါ Dan Dan Noodle မီနူးက ပေါ်ပြူလာဖြစ်လို့ နေပါပြီ။ ဒီ ခေါက်ဆွဲကိုတော့ ကြက်သားကို မသုံးဘဲ၊ အမဲသား (သို့ မဟုတ်) ၀က်သားဖြင့်သာ ပြုလုပ်လေ့ရှိကြပါတယ်။
+++++++++++++++++++++++++++++++++++
ဂျပန်ခေါက်ဆွဲ။
အေဒီ ၅၀၀ ခန့် တွင် တရုပ်ဘုန်းတော်ကြီးများ သာသနာပြုရာမှစ၍ ဂျပန် နိုင်ငံတွင် ခေါက်ဆွဲကို ဆန်အစားထိုး ပင်တိုင်အစား အစာအဖြစ် စားသုံးလာခဲ့ကြပါတယ်။ ဆွေမျိုးပေါက်ဖော်တရုပ်တို့ ယုံကြည်မှုအတိုင်း ဂျပန်နိုင်ငံမှာလဲဘဲ၊ “သက်ရှည်ကျန်းမာ ဘေးဘယာကင်းဝေးသည်” ဟု သက်ဝင်ယုံကြည်မှုဖြင့် ခေါက်ဆွဲကို ဘာသာရေးပွဲများ၊ မွေးနေ့ ပွဲများနှင့် လက်ဘက်ရည်ပွဲတော် များတွင် မဖြစ်မနေစားသုံးကြပါတယ်။ ဒုတိယကမ္ဘာစစ်ရောက်တဲ့အခါမှာတော့၊ အစာရေဆာပြတ်လတ်မှု ပြသနာကိုဖြေရှင်းရန် အတွက် တာရှည်ခံအောင် ခေါက်ဆွဲခြောက်ကို စတင်ဖန်တီးထုတ်လုပ်လာခဲ့ကြပါတယ်။
(၁)Soba ခေါက်ဆွဲ။  buckwheat (ခေါ်) ကောက်နှံစပါးသီးနှံတစ်မျိုးဖြင့်လုပ်ထားတဲ့ Soba ခေါက်ဆွဲကို  ၁၆၀၀ခုနှစ် အစောပိုင်း Edo မင်းဆက်မှာ စတင်စားသုံးခဲ့တာပါ။ buckwheat တစ်မျိုးထဲဆိုရင် အစေးမကပ်တဲ့အတွက် ကော်ဓာတ်ရအောင် ဂျုံမှုန့် ပါ အနည်းငယ် ထဲ့နယ်ပေးရပါတယ်။  ကောက်နှံနှင့်ဂျုံပါ ရောထားသောကြောင့် သီးနှံမှရတဲ့ သဘာဝ သီအာမင်ဓာတ် ပါရှိလို့  ကျန်းမာရေးနဲ့ အထူးသင့်တော်ပါတယ်။ တိုကျိုမြို့ တော်အပြင်၊ ဂျပန်နိုင်ငံရဲ့ အရှေ့ ဘက်ကမ်းရိုးတန်းတလျှောက် ကန်တို မြို့ တို့  မှာ ပေါ်ပြူလာဖြစ်လို့  နေပြီး၊ နံက်စောစောစာ နှင့် ဘာသာရေးပွဲတော်များအတွက် မရှိမဖြစ်တဲ့ ခေါက်ဆွဲလေးပါဘဲ။  ခေါက်ဆွဲ အသားက အင်မတန် နူးညံ့ပျော့ပျောင်းလို့  သယ်ယူဘို့ အဆင်မပြေတဲ့အတွက် အခြားနိုင်ငံတွေမှာတော့ ဂျပန်ရဲ့  Soba ခေါက်ဆွဲ အခြောက်ကိုသာ မြင်တွေ့ ရမှာပါ။  ဒီခေါက်ဆွဲကို dashi အသားပြုတ်ရည် နှင့် ဟင်းသီးဟင်းရွက်ရောပြွမ်းသော ခေါက်ဆွဲစွပ်ပြုတ်အဖြစ် အပူရော အအေးပါ ၂-မျိုးစလုံး စားကြပါတယ်။ အရသာပိုပေါ်လွင်အောင် saue ဖြင့်တွဲဖက်စားလေ့ ရှိ ပါတယ်။
(၂)Somen ခေါက်ဆွဲ။ ဒီခေါက်ဆွဲကလည်း Edo မင်းဆက်လက်ထပ်မှာ ပေါ်ခဲ့တာပါဘဲ။  ဂျုံဖြင့်လုပ်ထားတဲ့အဖြူရောင် ခေါက်ဆွဲ မျှင်မျှင်လေးပါ။ အထူးသဖြင့် နွေရာသီမှာ စားလေ့ရှိတဲ့ သွားရည်စာ ခေါက်ဆွဲအေးဖြစ်ြပီး၊ နှစ်သက်ရာ အသားတစ်မျိုး ရောကာ၊ ရေခဲရေစိမ်ပြီး စားလေ့ရှိပါတယ်။ အနံ့ အရသာအတွက် ဂျင်းဖြင့်လုပ်ထားတဲ့ sauce တစ်မျိုးနှင့် တွဲဖက်စားကြပါတယ်။
(၃)Udon ခေါက်ဆွဲ။ ၈၀၀ ရာစုနှစ်လောက်တွင် ဂျပန်ဘုန်းတော်ကြီးများ၊ တရုပ်ပြည်မှာ သာသနာပြုပြန်လာပြီးနောက် တရုပ် ခေါက်ဆွဲကို ပြန်လည်ဆန်းသစ်ထားတဲ့ Udon ခေါက်ဆွဲ လို့ ဆိုပါတယ်။ ခေါက်ဆွဲအသားမှာအတန်ငယ်ထူပြီး အဖြူရောင် အလုံး တုတ်တုတ်လေးမို့ စားရတာ အားပါးတရရှိလှပါတယ်။ ပေါင်မုန့် လုပ်တဲ့ဂျုံမှုန့် ဖြင့်ပြုလုပ်ထားတဲ့ခေါက်ဆွဲ မို့ လို့ လဲ၊ အခြား ခေါက်ဆွဲအမျိုးအစားတွေထက် တာရှည်ခံပါတယ်။ အိုဆာကာမြို့  အပါအ၀င်၊ ဂျပန်နိုင်ငံရဲ့  အနောက်ဘက် ဒေသတွေမှာ တွင်ကျယ်စွာ စားကြပါတယ်။ ခေါက်ဆွဲခြောက်အဖြစ်လဲ ထုတ်လုပ်ကြပြီး၊ အပူရောအအေးပါ ၂-မျိုးစားနိုင်ပါတယ်။ ဒီခေါက်ဆွဲ ပြုတ်ကို ကြက်သားဖြင့်သာ ချက်ပြုတ်လေ့ရှိပြီး၊ shimeji (ခါ်) မှိုဖြူ၊ Miso (ခေါ်) ပဲငပိ၊ မုန်လာဥနီ၊ ပဲသီးတို့ ကိုအသုံးပြုပါတယ်။ အနံ့ အရသာအတွက် scallions (ခေါ်) ကြက်သွန်နီ တစ်မျိုးကို  ပါးပါးလှီးပြီး အပေါ်က ဖြူးစားလေ့ရှိပါတယ်။
(၅)Konnyaku ခေါက်ဆွဲ။ ဒီခေါက်ဆွဲကိုတော့ အာရှတိုက်မှာသာစားလေ့ရှိပြီး၊ အနောက်နိုင်ငံများမှာတွေ့ ရခဲပါတယ်။  မျောက်ဥပင်မျိုးနွယ်ဝင် konnyaku ပင်ရဲ့ အမြစ်မှ လုပ်ထားတဲ့ခေါက်ဆွဲဖြစ်လို့ ၊ ကယ်လိုရီ ၀%၊ ရေဓာတ် ၉၇% နဲ့  အမျှင်ဓာတ် ၃% ပါရှိတဲ့အတွက်ကြောင့် ခန္ဓာကိုယ် အလေးချိန်လျော့လိုသူများ အတွက်အထူးသင့်တော်တဲ့ခေါက်ဆွဲလေးပါဘဲ။ konnyaku ပင်အမြစ်ကိုပြုတ်ပြီး၊ ချေကာ သစ်သားစည်ထဲလောင်းထဲ့ပြီး၊ ထောင့်မှန်စတုဂံပုံ မီးခိုရောင်ခေါက်ဆွဲတုံးလေးပါ။ အအေးခံ လိုက်တဲ့အခါမှာတော့ အလွန်နူးညံ့စေးကပ်သွားပါတယ်။ ဒီခေါက်ဆွဲရဲ့မူလသဘာဝက မည်သည့်ရနံ့ မျှ မရှိသော်လဲ၊ အနံ့ အရ သာတို့ ထဲ့လိုက်တဲ့အခါမှာတော့ အရသာထူးလှပါတယ်။ တို့ ဟူး၊ dashi ၊ mange (ခေါ်) အခေါက်တု၊ ကန်စွန်းဥ၊ ကြာရိုး၊ မုန်လာဥနီ ၊ စာကေးအရက်အနဲငယ်တို့ ဖြင့် ချက်ပြုတ်ထားသော Buddhist Soup လို့ အမည်ရတဲ့  သက်သက်လွတ်ခေါက်ဆွဲ ဟင်းလျာ ကို ဂျပန်နိုင်ငံရဲ့  ဘာသာရေးနေ့ တွေမှာ အထွတ်အမြတ်စားလေ့ရှိပါတယ်။
(၆) Shirataki ခေါက်ဆွဲ။ : konnyaku ခေါက်ဆွဲကို အဖြူရောင်အဖြစ်ပြုပြင်ပြောင်းလဲလိုက်တဲ့အခါမှာတော့ shirataki ခေါက်ဆွဲ ဖြစ်လာပါတယ်။ အလင်းရောင်ဖောက် ခေါက်ဆွဲဖြစ်ကာ ခေါက်ဆွဲအသားမှာထူပြီး၊ ရာဘာလိုပျော့အိအိ ဖြစ်ပါတယ်။ အစို/ အခြောက် ၂ မျိုးလုံးရနိုင်ပြီး၊ အသုပ်၊ ဟင်းချို စတဲ့ ဂျပန်ဟင်းလျာအမျိုးမျိုးးတို့ မှာ အသုံးပြုလေ့ရှိပါတယ်။
+++++++++++++++++++++++++++++++++++
ကိုရီးယားခေါက်ဆွဲ။
ဂျပန်နိုင်ငံနှင့်မရှေးမနှောင်းဆိုသလိုပင်၊ ကိုရီးယားနိုင်ငံမှာလဲ ခေါက်ဆွဲစားသုံးသော ယဉ်ကျေးမှုစတင်လာခဲ့ပါတယ်။ ဒါပေမယ့် ကိုရီးယားတွင် ဂျုံစိုက်ပျိုးမှုမှာ အခြားကောက်ပဲသီးနှံစိုက်ပျိုးမှုထက် လျော့နဲ့ တဲ့အတွက်၊ ၁၉၄၅ ခုနှစ်အထိ ခေါက်ဆွဲကို တွင်တွင်ကျယ်ကျယ် မစားနိုင်ကြသေးပါဘူး။ ဒုတိယကမ္ဘာစစ်ပြီးနောက်မှာတော့ ဂျုံခေါက်ဆွဲစားသုံးမှုတဟုန်တိုး မြင့်တက်လာ ခဲ့ပါတယ်။ အထူးသဖြင့် မြောက်ကိုရီးယားတွင် naengmyeon (ခေါ်) ခေါက်ဆွဲအေး ကို လူကြိုက်များကြပြီး၊ တောင်ကိုရီးယား တွင်တော့ onmyeon (ခေါ်) ခေါက်ဆွဲပူကို လူကြိုက်များ ကြပါတယ်။ အာရှနိုင်ငံများ၏ ရှေးရိုးစွဲအယူအဆအတိုင်း၊ မွေးနေ့ တွင် သက်ရှည်ကျမ်းမာစေရန်၊ လက်ထပ်မင်္ဂလာနေ့ တွင် မင်္ဂလာသက်တမ်းအဓွန့် ရှည်စေရန် စသည်ဖြင့် နေ့ ထူးနေ့ မြတ်များတွင် ခေါက်ဆွဲဟင်းလျာများကတော့ ပွဲလယ်တင့်လျှက်ပါဘဲ။
ကိုရီးယားနိုင်ငံ၏ ထူးခြားမှုတစ်ခုကတော့ ၀က်သစ်ချသီးအမှုန့် ဖြင့် ခေါက်ဆွဲပြုလုပ်ခြင်းပါ။  Dotori guksu ဟု အမည်ရတဲ့ ၀က်သစ်ချသီးခေါက်ဆွဲက soba ခေါက်ဆွဲနှင့် ခပ်ဆင်ဆင်တူပြီး၊ ခေါက်ဆွဲအသားထူလို့ ကြော်စားလေ့ရှိကြပါတယ်။ နောက်ထပ် တစ်မျိုးရှိပါသေးတယ်။ dotori guksu လို့ အမည်ရတဲ့ ကြာဇံလို အမျှင်သေးသေးခေါက်ဆွဲလေးပါ။ ဒီခေါက်ဆွဲ ကို တော့ ခေါက်ဆွဲအေးအဖြစ် စားလေ့ရှိကြပါတယ်။ ကိုရီးယားရိုးရာ ခေါက်ဆွဲဟင်းလျာများကတော့၊ onmyeon (၀ါ) guksu jangguk (ခေါ်) ခေါက်ဆွဲပြုတ်၊ တော်ဝင်ပွဲတွေမှာသာ စားလေ့ရှိတဲ့ Baekmyeon (ခေါ်) ကောက်နှံစပါးနဲ့ လုပ်ထားတဲ့ အဖြူ ရောင်ခေါက်ဆွဲကို ရစ်ဌက်ဖြင့် ချက်လုပ်ထားတဲ့ဟင်းလျာ၊ naengmyeon (ခေါ်) လူးနှံစပါးဖြင့်ပြုလုပ်ထားတဲ့ ခေါက်ဆွဲအေး၊ bibim guksu (ခေါ်) ဟင်းရွက်စုံခေါက်ဆွဲအေးဟင်းလျာ၊ kalguksu (ခေါ်) စက်ဖြတ် ခေါက်ဆွဲ၊ kongguksu (ခေါ်) ပဲပုပ် ခေါက်ဆွဲအေး၊ စသည်ဖြင့် တရုပ်၊ ဂျပန် တို့ နှင့်အပြိုင် ခေါက်ဆွဲကို နေ့ စဉ်သုံးအစားအစာ အဖြစ် ဟင်းလျာပုံစံ အမျိုးမျိုး ချက်ပြုတ်နေကြပါပြီ။
(၁) Jajangmyeon ခေါက်ဆွဲ။ ပဲခေါက်ဆွဲဖြစ်ပါတယ်။ ကိုရီးယားတောင်/မြောက် ရုပ်ရှင်ဇာတ်ကားများတွင် မကြာခဏတွေ့ မြင်ဖူးကြ မှာပါ။ အာဟာရ လဲဖြစ်၊ ဗိုက်လဲပြည့်စေလို့  ထမင်းအစား နေ့ စဉ်သုံးအစားအစာအဖြစ် ပေါ်ပြူလာဖြစ်လို့ နေပါတယ်။ udon ခေါက်ဆွဲကိုသုံးပြီး၊ black bean (၀ါ) jjajang (ခေါ်) “ပဲလွန်း” အနှစ်ကိုရောထားတာပါ။ zucchini၊ ဂေါ်ဖီ၊ ဟင်းရွက်ဆီ၊ အာလူးအနှစ်၊ ဂုံးကောင် ငန်ပြာရည်၊ ဆန်ဝိုင်၊ ဂျင်း၊ သကြား၊ နှစ်သက်ရာ ၀က် (သို့ ) အမဲသား (သို့ ) ပင်လယ်စာ တို့ ဖြင့် အရသာအစပ်အဟပ်တဲ့အောင် ပြုလုပ်ထားတာပါ။ အဲဒီပဲခေါက်ဆွဲကို၊ ဟင်းရွက်စုံကင်မ်ချီ/သခွားသီးချဉ်သနပ်၊ တို ဖြင့်တွဲဖက် စားလေ့ရှိကြပါတယ်။
(၂) Dongchimi Gooksu ခေါက်ဆွဲ။ ကင်မ်ချီ အဖြူနဲ့ ပြုလုပ်ထားတဲ့ ခေါက်ဆွဲအေးစွပ်ပြုတ်ပါ။ ကင်မ်ချီအဖြူကိုခေါက်ဆွဲမစား ခင် ၃ရက်လောက်ကြိုစိမ်ထားရတာပါ။ somen ခေါက်ဆွဲကို အသုံးပြုထားတဲ့၊ မြောက်ကိုရီးယား သက်သက်လွတ်ခေါက်ဆွဲပြုတ် လေးပါဘဲ။ အသားကြိုက်သူများကလဲ BBQ အသားများထဲ့၍ စားကြပါတယ်။ ဒီခေါက်ဆွဲကို ကာလီဖိုးနီးယားတောင်ဘက်ပိုင်း မှာ နှစ်သက်ကြလွန်းလို့  နွေရာသီစာအဖြစ် စားလေ့ရှိကြပါတယ်တဲ့။
(၃) Memil Guksu ခေါက်ဆွဲ။ ကောက်နှံစပါးနဲ့ လုပ်ထားတဲ့ခေါက်ဆွဲပါ။ အပူရော/အအေးပါ ၂မျိုးလုံးစားနိုင်ပါတယ်။ ပန်းသီးအနီ ရောင်၊ myulchi garu (ခေါ်)ငါးပါးနီမှုန့် ၊ dashima (ခေါ်)ရေမှော် ၊ ပဲငပိ၊ သကြာား၊ ဆန်ဝိုင်၊  moo (ခေါ်)မုန်လာဥဖြူ၊ ကြက် သွန်နီ၊ gim (ခေါ်) ရေညှိပြား၊ wasabi (၀ါ) gyoja (ခေါ်) မုန်ညင်းစိမ်း တို့ ဖြင့် အရသာရှိရှိ ချက်ထားတာပါ။ ဒီခေါက်ဆွဲကိုတော့ ပဲငံပြာရည်နဲ့ တို့ စားလေ့ရှိကြပါတယ်။
(၄) Janchi guksu ခေါက်ဆွဲပြုတ်။ ဒီဂျုံခေါက်ဆွဲပြုတ် ပူပူလေးကို မင်္ဂလာဆောင်၊ မွေးနေ့ ပါတီပွဲ နှင့် hwangab (ခေါ်)  အသက် ၁၆နှစ်ပြည့် မွေးနေ့ တွေမှာ အထူးတလည်စားကြပါတယ်။ အမဲသားကိုအသုံးပြုလေ့ရှိပြီး၊ zucchini (ခေါ်) ကြက်သွန် မြိတ်၊ ကြက်ဥကြော်တို့ ကို ပါးပါးလှီးကာ အပေါ်မှာဖြူးးထားပါတယ်။ တွဲဖက်စားရန်အတွက် နှမ်းဆီမွှေး၊ ပဲငပိအနှစ်၊ ကြက်သွန်နီ နှင့် ငရုပ်သီးမှုန့်် တို ကိုရောစပ်ပြီး sauce ပြုလုပ်ထားပါတယ်။
+++++++++++++++++++++++++++++++++++
အာရှတိုက် ခေါက်ဆွဲ
တရုပ် ပြည်ဖြစ် ခေါက်ဆွဲများသည် အရသာရှိခြင်း၊ အာဟာရဓာတ်ပြည့်ဝခြင်း၊ ကုန်ကျမှုသက်သာခြင်း၊ ပြင်ဆင်ချက်ပြုတ်ရန် လွယ်ကူခြင်း၊ ခေါက်ဆွဲခြောက်အဖြစ်တာရှည်ထိန်းသိမ်းထားနိုင်ခြင်း စသည့် ဂုဏ်သတင်းများကြောင့် အိမ်နီးချင်းနိုင်ငံများတွင် ခေါက်ဆွဲစားသုံးသော ယဉ်ကျေးမှုက ရာစုနှစ်ပေါင်းများစွာလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။
(၁) Pho ခေါက်ဆွဲ။ ဆန်ပြားခေါက်ဆွဲဖြစ်ပြီး၊ တရုပ်ပြည်ရဲ့  He Fen ခေါက်ဆွဲကို ဆန်းသစ်ထားတာပါ။ ထိုင်းနှင့် ဗီယက်နမ် တို့ တွင် “Pho ခေါက်ဆွဲ” ဟု အမည်တွင်းပြီး၊ ခေါက်ဆွဲကြော် စားလေ့ရှိကြပါတယ်။
(၂) Idiyappam ခေါက်ဆွဲ။ ဆန် နှင့် ဂျုံ ၂ မျိုးစလုံး လုပ်ထားတဲ့ သေးသေးမျှင်မျှင်ခေါက်ဆွဲလေးပါ။ တရုပ်ပြည်ရဲ့  La Mian ခေါက်ဆွဲကို ဆန်းသစ်ထားတာပါ။ အိန္ဒိနှင့် သီရိလင်္ကာနိုင်ငံတို့ မှာ “Idiyappam ခေါက်ဆွဲ” ဟု အမည်တွင်ပြီး၊ အိန္ဒိယဟင်းလျာ အမျိုးမျိုး နှင့် chutney.ဟင်းလျာတို့  မှာအသုံးပြုကြပါတယ်တဲ့။
(၃) Rice Vermicelli ဆန်မှုန့် နဲ့ ပြုလုပ်ထားတဲ့ ဆန်ကြာဇံလေးပါ။ တရုပ်ပြည်ရဲ့  cellophane ခေါက်ဆွဲနဲ့  ခပ်ဆင်ဆင် တူပါတယ်။ စင်္ကာပူနိုင်ငံမှာတော့ satay been hoon (ခေါ်) မြေပဲဆာတေးခေါက်ဆွဲကြော် နှင့် hokkien mee (ခေါ်) ပင်လယ်စာ ခေါက်ဆွဲကြော် တို့ တွေမှာ အသုံးပြုလေ့ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံတွင်တော့ pancit ခေါက်ဆွဲကြော်အဖြစ် မွေးနေ့  ပွဲ များတွင် စားသုံး လေ့ရှိကြပါတယ်။
(၄) Wonton ခေါက်ဆွဲ။ ဟောင်ကောင်မှာ ရေပန်းစားနေတဲ့ ကြက်ဥ (သို့ ) ဘဲဥ တို့ ဖြင့် ပြုလုပ်ထားတဲ့ ၀ါဖျော့ ဖျော့ ခေါက်ဆွဲ ပြားပါ။ ဖက်ထုပ်လုပ်ရာတွင် အသုံးပြုလေ့ရှိပြီး၊ Dim Sum ဖက်ထုပ်ပေါင်း၊ ဖက်ထုပ်ဆီချက်၊ ဖက်ထုပ်ပြုတ်အဖြစ် အသုံးပြုလေ့ ရှိပါတယ်။
(၅) အုန်းနို့ ခေါက်ဆွဲ။ အားလုံးသိကြတဲ့အတိုင်း မြန်မာ့ရိုးရာအစားအစာ “မုန့့်ဟင်းခါး”မုန့် ဖတ် သည် ဆန်ဖြင့်လုပ်ထားတဲ့ ဆန် ခေါက်ဆွဲတစ်မျိုးပါဘဲ။ ဂျုံကြာဇံ/ ဆန်ကြာဇံ များကလည်း ခေါက်ဆွဲမျိုးရင်း ဖြစ်ကြပါတယ်။  မြန်မာပြည်မှာ ဆန်ခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲ၊ ညှပ်ခေါက်ဆွဲ၊ နန်းကြီး၊ နန်းသေး၊ ဆန်ပြား၊ လက်ညှစ်မုန့် ဖတ် စသည်ဖြင့် အမျိုးမျိုးရှိပြီး၊ ခေါက်ဆွဲသုပ်၊ အသုပ်စုံ၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲအေး၊ ကြာဇံချက်၊ ကြာဇံကြော်၊ ကြေးအိုး၊ ကြေးအိုးဆီချက်၊ ဆီချက်ခေါက်ဆွဲ၊ ဆန်စီး၊  ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ အုန်းနို့ ခေါက်ဆွဲ၊ နို့ စိမ်းခေါက်ဆွဲ၊ ကော်ရည်၊ ခေါက်ဆွဲကြွတ်ကြော်၊ ရခိုင်မုန့် တီ စသည်ဖြင့် လူမျိုးဘာသာမရွေး အရွယ် ၃ပါးမရွေး စားသုံးကြပါတယ်။ ဂျုံခေါက်ဆွဲကို ကြက်သား၊ အုန်းနို့ ၊ ကုလားပဲမှုန့် ၊ ဘဲဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆီ၊ ငါးငန်ပြာရည်၊ ငရုပ်သီး တို့ ဖြင့် ချက်လုပ်ထားပြီး၊ ကြက်သွန်နီ၊ သံပုရာရည်၊ မုန့် ကြွပ်ကြော် နှင့် ဘဲဥပြုတ် တို့ ကို အပေါ်မှဖြူး၍ အရသာရှိရှိစားရသော အုန်းနို့ ခေါက်ဆွဲလေးပါ။ အာရှတိုက်၏ အကောင်းဆုံး ဂျုံခေါက်ဆွဲ အစားအစာ စာရင်းထဲတွင်  မြန်မာ့အုန်းနို့ ခေါက်ဆွဲ ကို Burmese Chicken-Coconut Soup (Ohn No Kyawswe) မီနူး အဖြစ် မှတ်တမ်းတင် ဖော်ပြထားပါတယ်။
+++++++++++++++++++++++++++++++++++
အရှေ့ အလယ်ပိုင်းဒေသ ခေါက်ဆွဲ။
သမိုင်းရာဇ၀င်များအရ၊ ၄ ရာစုနှစ်လောက်တွင် အာရပ်ကုန်သည်များ တရုပ်ပြည်သို့  အလည်ရောက်ရှိလာခဲ့ချိန်မှစပြီး၊ အရှေ့  အလယ်ပိုင်းဒေသမှာ ခေါက်ဆွဲစားသုံးသော အလေ့အကျင့်စတင်လာခဲ့ပါတယ်။
(၁)Arabian Baked Pasta ဟင်းလျာ။ Macaroni (ခေါ်) ဂျုံခေါက်ဆွဲအခေါင်းပွ(အခြောက်)ကို ပြုတ်ပြီးတော့ ကြက်သား စဉ်းကော၊ အာလူး၊ ငရုပ်ကောင်း၊ ကြက်သွန်နီ ၊ ဂျင်း၊ ဆား၊ သံလွင်ဆီ၊ နံနံပင်၊ ဂျုံဖြူ၊ ထောပတ်၊ safayd dakni mirch (ခေါ်) အာရပ်ဟင်းမွှေးငရုပ်ကောင်းမှုန့် အဖြူ၊ နွာနို့ ၊ ကြက်ဥ၊ Cheddar ချိစ်တိုဖြင့် အရောအနှော စုံလင်စွာစီမံထားပြီး၊ သင်းပျံ့ မွှေးကြိုင်တဲ့ အာရေဗျစတိုင်လ် ခေါက်ဆွဲဟင်းလျာ ကိုတော့ နေ့ စဉ်သုံးအစားအဖြစ် အဖြစ် စားသောက်လေ့ရှိကြပါတယ်။
(၂) Sizzling Noodles with Vegetables။ သက်သက်လွတ်ဟင်းရွက်စုံ ခေါက်ဆွဲအကျွတ်ကြော်ကလေးပါ။ အ၀ါရောင်ဂျုံ ခေါက်ဆွဲအပြားကိုအသုံးပြုပြီး၊ ဟင်းရွက်ဆီ၊ ဗိုစားပဲသီး၊ မုန်ုလာဥနီ၊ ဂေါ်ဖီ၊ ဆား၊ ငရုပ်ဆီ၊ ပဲငန်ပြာရည်၊ ပြောင်းဖူးမှုန့် ၊ ငရုပ်သီးစိမ်း၊ ရှာလကာရည် တို့ ဖြင့် ကြော်ထားပြီး၊ အနံ့ အရသာအတွက် ကြက်သွန်မြိတ် နှင့် ငရုပ်ကောင်းမှုန့် ဖြူးထားပါတယ်။ ဒီခေါက်ဆွဲကြော် ပူပူစပ်စပ်လေးကို၊ အာရေဗျနိုင်ငံသားများ အထူးကြိုက်နှစ်သက်ကြတယ်လို့ ဆိုပါတယ်။
ဥရောပတိုက် ခေါက်ဆွဲ
နည်းပညာများလဲ တဖြည်းဖြည်းတိုးတက်လာပြီဖြစ်ရာ၊ ၁၇ ရာစုနှစ်မှာတော့ အီတလီနိုင်ငံရဲ Napoli  ဒေသမှာ ခေါက်ဆွဲဖြင့် စီမံထားတဲ့ နံမည်ကျော် spaghetti  ကို စတင်ဖန်တီးခဲ့တာပါ။ ယခုခါမှာတော့ အီတလီတွင် spaghetti ခေါက်ဆွဲအပြင်၊ fettuccine, linguine နှင့် capellini စသည့် ခေါက်ဆွဲများရရှိနိုင်ပါတယ်။ ဒါ့အပြင် pasta ပုံစံမျိုး စားရသော lasagna, ravioli, rotini, gemelli နှင့် mostaccioli တို့ လဲစားသောက်နေကြပါတယ်။ ယနေ့ ဥရောပတိုက်၏ ခေါက်ဆွဲအစားဆုံး နိုင်ငံမှာ အီတလီဖြစ်ပြီး၊ ပြင်သစ် က ဒုတိယလိုက်ပါတယ်။
အမေရိကတိုက်တွင်တော့ ၁၇ ရာစုနှစ်နှောင်းပိုင်းအထိ၊ ခေါက်ဆွဲကို တွင်ကျယ်စွာ မစားသုံးတတ်ကြသေးပါဘူး။ ၁၈ ရာစု နှစ်ဦးတွင် ဆေးသိပ္ပံပညာရှင်များ သုတေသနပြုကြရာမှာ ကြက်သားခေါက်ဆွဲစွတ်ပြုတ် က အအေးမိနှာစေးချောင်းဆိုး၊ တုပ်ကွေးရောဂါများအတွက် အထူးသင့်လျော်ပြီး၊ အဆာလည်းကျေစေကာ ကျန်းမာရေးနဲ့ ညီညွတ်စေကြောင်း အဖြေထွက် ရှိခဲ့ရာမှစ၍၊ ခေါက်ဆွဲပြုတ် ကို နေ့ စဉ်သုံးအစားအစာအဖြစ် စားသုံးလာခဲ့ကြပါတယ်။
(၁) Bow Ties with Sausage and Sweet Peppers  ယနေ့  အီတလီမှာ ရေပန်းစားနေတဲ့ pasta ဟင်းလျာလေးပါ။ pasta အခြောက်ကိုပျော့သွားအောင်ရေနွေးဖျောပြီးတော့၊ ရနံ့ အရသာထဲ့ထားတဲ့ အီတလီဝက်အူချောင်း၊ ပန်းငရုပ်ချိုသီး၊ အမဲသား တို့  နဲ့  ချက်ထားတာပါ။  အရသာချိုချိုလေးမို့  ကလေးရော၊ လူကြီးပါ ကြိုက်နှစ်သက်ကြပါတယ်။ လုပ်ရတာရိုးရှင်းလွယ်ကူပြီး၊ ဟင်းလျာအဖြစ်ရော၊ သွားရည်စာအဖြစ်ပါ စားလေ့ရှိကြပါတယ်တဲ့။
(၂) Spanish Noodle Paella ဈေးကြီးတဲ့စပိန်စတိုင်လ် spaghetti ခေါက်ဆွဲကြော်ပါ။ စားရလွယ်အောင် ၁လက်မ အရွယ်လှီး ဖြတ်ထားတဲ့ spaghetti ခေါက်ဆွဲ ကို ပုစွန်ထုပ်၊ ဂုံးကောင်၊  ဖဲ့ချေထားသော အ၀ါရင့်ရောင်ရှိတဲ့ကုံကုမံ၊ ကြက်သွန်နီ၊ အနီ ရောင်ငရုပ်ပွ၊ အီတလီမုန်လာရွက်၊ ကြက်သွန်ဖြူ၊ အစေ့ထုတ်ကာလှီးဖြတ်ထားသော ခရမ်းချဉ်သီး၊ အရသာချိုသော ဟန်ဂေရီ အနီရောင်ငရုပ်ကောင်းမှုန့် ၊ ကမာကောင်အချိုရည်၊ တို့ ဖြင့် အရသာရှိရှိရောစပ်ကာ သံလွင်ဆီ ဖြင့်ကြော်ထားတာပါ။ အဲဒီ ခေါက်ဆွဲကြော်ကို စားသောက်ဆိုင်ကြီးများတွင် ပန်းကန်ကိုမသံးဘဲ၊ ကမာကောင်အခွံကြီးထဲထဲ့ကာ တည်ခင်းဧည့်ခံလေ့  ရှိပါတယ်။
(၃) French Creamed Chicken and Noodle Soup။ ပြင်သစ်နိုင်ငံ မှာ ဂျုံခါက်ဆွဲတွေထက်၊ ကြက်ဥခေါက်ဆွဲကိုသာ အစားများကြပါတယ်။ ပန်းသီးကိုဖောဖောသီ သုံးထားတဲ့ ဒီကြက်ဥခေါက်ဆွဲစွပ်ပြုတ်ကို ပြင်သစ်ရဲ့ အကောင်းဆုံးခေါက်ဆွဲဆိုင်  “Paris noodle house” မှာ နေ့ စဉ်ဝယ်လိုအားကောင်းနေတယ်လို့ ဆိုပါတယ်။ ဦးစွာပထမ ပန်းသီးကိုထောပတ်နှင့်ကြော်ပြီး၊ ကြက်ရင်ပုံသားကို အတုံးကြီးကြီးထဲ့ကာ ပန်းသီးဘရန်ဒီ၊ ပန်းသီးရှာလကာရည် နှင့် ပန်းသီးအရက်တို့ ဖြင့် အသားကို နူးအိနေ အောင် ပြုတ်ထားပြီးနောက် ကြက်ဥခေါက်ဆွဲ၊ ဒိန်ခဲအမာ နှင့် ချိုငန်အရသာတို့ ကို သင့်သလိုခတ်ထားပါတယ်။ ပြီးတော့ အပေါ်ယံဝေ့နေတဲ့ ထောပတ်နဲ့ ဒိန်ခဲ အဆီတို့ ကိုဖယ်ရှားပြီး၊ leek (ခေါ်)ကြက်သွန်နီအပင်တစ်မျိုးကို ကတ်ကြေးဖြင့် ညှပ်၍ှဖြူး ကာ၊ ငရုပ်ကောင်းထဲ့ စားကြပါတယ်။
+++++++++++++++++++++++++++++++++++++++++++
ယနေ့ မြန်မာပြည်မှာ လူနေမှုအဆင့်အတန်း တိုးတက်ခေတ်မှီလာသည့်အလျှောက်၊ နိုင်ငံခြားအစားအစာများကလဲ မြန်မာ ပြည်သူပြည်သားများနဲ့  မစိမ်းတော့ဘဲ ခံတွင်းတွ့ နေကြပါတယ်။ နိုင်ငံတကာ ခေါက်ဆွဲ ဟင်းလျာတို့ ကို ကမ္ဘာပတ်စားနေစရာ မလိုဘဲ၊ ပြည်တွင်းရှိ ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများနဲ့  Noodle House ဆိုင်တွေမှာ လွယ်လင့်တကူ စားသောက်နိုင် ပါတယ်။ ဒါ့အပြင် နိုင်ငံတကာရှိ သန့် ရှင်းလတ်ဆတ်သော  ready made (ခေါ်) အသင့်စားအထုပ်များလဲ စူပါမားကတ် ဆိုင်များမှာ ရနေပြီမို့  မိမိအိမ်မှာပင် ၀ိုင်းဖွဲ့ စားသောက်နိုင်ပါကြောင်း။
ဘာသာပြန်သူ (ပေါက်ပေါက်) 
ကိုးကား (internet)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိ
မ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)
**********************************************************************
Italian Pasta Salad
ဟင်းလျာအမည်က အီတလီ pasta အသုပ် လေးပါ။ super market ဆိုင်တွေမှာ အသင့်လုပ် အထုပ်ကလေးတွေ ရှိလို့  အိမ်မှာ မိမိဖာသာ လုပ်ရတာလွယ်ကူမြန်ဆန်တဲ့အတွက် မြန်မာပြည်အိမ်ရှင်မများ အပျင်းပြေလက်တည့်စမ်းနိုင်ပါတယ်။
ပါဝင်ပစ္စည်း။
(လူ ၆ ဦးစာ အသင့်စားထုပ်ကလေးပါ)
  • rotini pasta ၈ အောင်စ
  • လှီးညှပ်ထားသောနှစ်သက်ရာဟင်းရွက်စုံ ( ၂  ၁/၂ ခွက်)(မိမိနှစ်သက်ရာ ပဲသီး၊ ပြောင်းဖူးစေ့၊ မုန်လာဥနီ၊ ခရမ်း ချဉ်သီး..စသည်ဖြင့်)
  • Cheddar ချိစ် (၁/၂ ခွက်)
  • အစေ့ထုတ်ထားသောသံလွင်သီး (၁/၃ ခွက်)
  • အီတလီ ဟင်းရွက်သုပ်အနှစ်ထုပ် (၁ ခွက်)(အထုပ်ထဲတွင် အမဲသားမှုန့် ၊ Caesar, ၀ိုင်နီ/ဆီ/ရှာလကာရည်/ ဟင်းခတ်အချိုမှုန့် ၊ ဒိန်ခဲအမာ တို့ ပါရှိ၏)
ပြုလုပ်နည်း။
(၁) အထုပ်ထဲက ညွှန်ကြားချက်အတိုင်း pasta ကိုပြုတ်ပါ။ ပြီးရင် ခေါက်ဆွဲကိုအေးသွားအောင် ရေအေးနှင့် အသာအယာပြန် ဆေးပါ။
(၂) ဇလုံတစ်ခုထဲမှာ pasta၊ ဟင်းရွက်စုံ၊ ချိစ် နဲ့  သံလွင်ဆီ တို့ ကို ထဲ့၍၊ အထုပ်ထဲမှာ ပါသော ဟင်းရွက်သုပ်အနှစ်ထုပ်ကို ဖောက်၍ နှံ့ အောင်နယ်ပြီး၊ စားရုံပါဘဲ။
(အေးအေးလေးကြိုက်သူများအတွက် ဇလုံကိုရေခဲသေတ္တာထဲ ခေတ္တထဲ့ပြီး စားနိုင်ပါတယ်)
**********************************************************************